AWU ၏ လုပ်ငန်းစဉ်အချို့

Monday, August 23, 2010

ရွေးကောက်ပွဲအတွက် ဆိုက်ရောက်ဗီဇာ ပိတ်မည်

မျိုးဝင်းဇော်  
 လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေစဉ်အတွင်း နိုင်ငံခြားသားများ ပြည်တွင်း၌ နည်းနေစေရန် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ကျသည့် ရဲသတင်းတပ်ဖွဲ့မှ အရာရှိတဦးက “ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို စက်တင်ဘာ (၁) ရက်နေ့က စပြီး ရပ်တော့မယ်။ သိတဲ့အတိုင်း ရွေးကောက်ပွဲ အကြိုပြင်ဆင်တဲ့အနေနဲ့
လုံခြုံရေးအရ လုပ်တာပါ။ အထက်က ပိတ်ဖို့ပဲ ညွှန်ကြားထားတယ်။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ညွှန်ကြားတာ မရှိသေးဘူး” ဟု ပြောသည်။

အလားတူ လေဆိပ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန အရာရှိတဦးကလည်း အဆိုပါ သတင်းမှန်ကန်ကြောင်း၊ အထက်မှ ဆိုက်ရောက်ဗီဇာနှင့် ပတ်သက်ပြီး Review ပြန်လုပ်ရန် ယာယီပိတ်ထားပေးပါဟု ပြောကြောင်း၊ ရွေးကောက်ပွဲကာလတွင် နိုင်ငံခြားသား များများစားစား ရှိမနေစေရန် ကြိုတင်ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ပြီးခဲ့သည့် မေလတွင် စတင်ခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု များပြားခဲ့ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်အဆောင်တွင် သီးသန့်ကောင်တာတခု ဖွင့်လှစ်ဆောင်ရွက်ပေးကြာင်း၊ ယခုနောက်ပိုင်း ဝင်ရောက်သူ နိုင်ငံခြားသားများအနက် ဗီဇာလုပ်ပြီးမှ လာသူများနှင့် ဆိုက်ရောက်ဗီဇာ ယူသူတို့ကို နှိုင်းယှဉ်ပါက ဆိုက်ရောက်ဗီဇာ ယူသူ သိသိသာသာများကြောင်း လေဆိပ် လဝက အရာရှိက ပြောသည်။

စစ်အစိုးရက ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းတော့မည်ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း အလုပ်အကိုင်နှင့် မှီခို နေထိုင်သူများကိုလည်း စိစစ်မှု ပိုမိုလုပ်လာကြောင်း ကာယကံရှင်များက ပြောကြသည်။

ပြည်တွင်းခရီးသွားအေဂျင်စီမှ တာဝန်ရှိသူတဦးက ဆိုက်ရောက်ဗီဇာကြောင့် ကမ္ဘာလှည့်ခရီးသွား တိုးတက်လာသည်ကို စာရင်းဇယားတို့တွင် ကြည့်ပါက ငြင်းမရနိုင်ကြောင်း၊ ယခု ကမ္ဘာလှည့်ခရီးသည် လည်ပတ်သည့်ရာသီ မဟုတ်သော်လည်း ခရီးသည် မှန်မှန်ဝင်နေကြောင်း၊ ဟိုတယ်များတွင်လည်း ယခင်နှစ်များကဲ့သို့ အခြေအနေ မဆိုးကြောင်း ပြောသည်။

၎င်းက “အခုအတိုင်းဆို ဆိုက်ရောက်ဗီဇာ ပိတ်ပင်ရုံမက ရိုးရိုးဗီဇာ ရယူဖို့လည်း ခက်ခဲလာမှာ သေချာတယ်။ ဒီအတွက် ခရီးသွားလုပ်ငန်းကို ထိခိုက်မှာ ဖြစ်တယ်” ဟု ဆိုသည်။

အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ မေ၊ ဇွန် (၂) လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားခရီးသည် (၄,၅ဝဝ) နီးပါးကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ကြောင်း၊ တရက်လျှင် ပျမ်းမျှ ခရီးသည် (၇ဝ) မှ (၁၁ဝ) ကျော် ထုတ်ပေးခဲ့ပြီး ဇူလိုင်နှင့် သြဂုတ်တို့တွင် ခရီးသည် ပိုမိုလာကြောင်း သိရသည်။

ယခု ကြေညာချက်ကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ စိတ်ပျက်နေကြသကဲ့သို့ နိုင်ငံရေးသမားများကလည်း ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ လာရန် မဆိုထားနှင့် ရိုးရိုး ခရီးသည်များကိုပင် ပြည်ဝင်ခွင့် တင်းကျပ်လာသည့်အတွက် ရွေးကောက်ပွဲ တရားမျှတမှု ရှိနိုင်မည်မဟုတ်ဟု မှန်းဆနိုင်ကြောင်း ပြောဆိုကြသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ