AWU ၏ လုပ်ငန်းစဉ်အချို့

Tuesday, February 16, 2010

ရွှေ့ပြောင်း အလုပ်သမား မူဝါဒ ပြင်ဆင်ရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို


Tuesday, 16 February 2010 18:05 ဘစောတင်
 
E-mailPrint

နိုင်ငံခြားသား အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သော မူဝါဒများကို ပြင်ဆင်ပေးရန် ထိုင်းနိုင်ငံ အခြေစိုက် NGO အဖွဲ့များက ဦးဆောင်၍ ဘန်ကောက်မြို့တွင် ထိုင်းဝန်ကြီးချုပ်ရုံးသို့ လည်းကောင်း၊ ချင်းမိုင်မြို့တွင် ခရိုင် အုပ်ချုပ်ရေး ရုံးသို့လည်းကောင်း ယနေ့ သွားရောက် တောင်းဆိုခဲ့ကြသည်။

ဘန်ကောက်မြို့ ထိုင်း ဝန်ကြီးချုပ်ရုံးရှေ့တွင်
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဤသို့ ဆန္ဒပြ တောင်းဆိုကြသည် (ဓာတ်ပုံ - ဧရာဝတီ)
ဘန်ကောက် မြို့တွင် မြန်မာ့ အရေးကို ဆောင်ရွက်သည့် အဖွဲ့ အစည်းများ၊ ထိုင်း အလုပ်သမား သမဂ္ဂများ၊ NGO များနှင့် အတူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂၀၀ နီးပါးခန့်သည် ယနေ့ နေ့လယ်က ယာယီ ပတ်စ်ပို့ လုပ်ငန်းစဉ်မှ တင်းကျပ်သော မူဝါဒများကို ကန့်ကွက်သည့် စာတစောင်ကို ထိုင်း ၀န်ကြီးချုပ် ရုံးသို့ ချီတက် ပေးပို့ ခဲ့ကြသည်။ အလားတူ ချင်းမိုင်မြို့တွင်လည်း Migrant Workers Federation နှင့် Workers Solidarity Association အဖွဲ့တို့က ဦးဆောင်၍ အလုပ်သမား ၅၀ ခန့်က ပိုစတာများ ကိုင်ဆောင်၍ သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။

တောင်းဆို ချက်ထဲတွင် ထိုင်းအစိုးရ အနေဖြင့် ယာယီပတ်စ်ပို့ လုပ်ရန် လျှောက်ထားရမည့် နောက်ဆုံး သတ်မှတ်ရက် ဖေဖော်ဝါရီ ၂၈ ရက်မှ ထပ်မံ တိုးပေးရေး၊ ထို သတ်မှတ်ရက် နောက်ပိုင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့ခြင်းများ မပြုရေး၊ ယာယီပတ်စ်ပို့ လုပ်ရာတွင် ပွဲစား ကုမ္ပဏီများ၏ ဆောင်ရွက်ချက် များကို ကြပ်မတ် စိစစ်ပေးရေး စသည့် အချက်များပါဝင်သည်။  

ထိုင်းအစိုးရက လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ယာယီပတ်စ်ပို့ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်သည့် အစီအစဉ်သို့ လျှောက်ထားခြင်းမရှိလျှင် ထိုသူများအားလုံးကို ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ မည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်သည် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း နှင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို တဖက်တလမ်းက အထောက်အကူပြုနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များကိုလည်း များစွာ ခြိမ်းခြောက် နေသည်ဟု ယနေ့ တောင်းဆိုချက်များတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ထံသို့ ပေးပို့ သောစာတွင် ထိုင်းနိုင်ငံမှ သြဇာကြီးမားသော အလုပ်သမား သမဂ္ဂအဖွဲ့  အစည်းများဖြစ်သည့် The State Enterprise Workers Relations Confederation မှ အထွေထွေ အတွင်းရေးမှူး Mr. Sawit KeawanThai Labour Solidarity Cmmittee မှ ဥက္ကဋ္ဌ Ms. Wiliwan SaetiaMigrant Working Group မှ တာဝန်ခံ Mr. Adisom KedmongkolAction Network for Migrant မှ တာဝန်ခံ Mr. Bundit Panwiset တို့က လက်မှတ်ရေးထိုးထားကြသည်။

ဘန်ကောက်မြို့ရှိ အလုပ်သမားများသည် ရှေးဦးစွာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ မိတ္တူ တစောင်ကို ပေးပို့ ပြီးနောက် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ချင်းမိုင်မြို့တွင် တောင်းဆိုချက်များကို ခရိုင် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတဦးက လက်ခံယူခဲ့ပြီး အထက် တာဝန် ရှိသူများထံ တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ချင်းမိုင်အခြေစိုက် Migrant Workers Federation အဖွဲ့မှ ကိုစိုင်းပီးက ယင်းတောင်းဆိုချက်များကို ထိုင်း အစိုးရအနေဖြင့် ဆုံးဖြတ် ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဘန်ကောက်မြို့တွင်မူ နံနက် ၁၀ နာရီခန့်မှ စတင်ကာ ၀န်ကြီးချုပ်ရုံးရှေ့တွင် စုရုံးခဲ့ကြသော်လည်း နေ့လယ် ၁ နာရီ ကျော်ထိ စာထွက်ယူမည့် အရာရှိကို စောင့်ဆိုင်းခဲ့ကြရသည်။ ထိုင်းအဖွဲ့ အစည်းများက ပြင်းထန်စွာ ဖိအားပေးပြောဆိုမှသာ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတဦး ထွက်ယူခဲ့ကြောင်း တွေ့ရသည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ တရားဝင်ဖြစ်လာစေရန် ဆောင်ရွက်ရေး၊ အလုပ်သမားသစ်များ စေလွှတ်ရေး ဆိုင်ရာ အစည်းအဝေးကို ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မြင့်နှင့် ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ ၀န်ကြီး Mr. Phaitoon Kaeothong တို့ တက်ရောက် ခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ယင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များအား နိုင်ငံသား စိစစ်ရေး တရားဝင်ဖြစ်လာစေရေးနှင့် အလုပ်သမားအသစ်များ ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်ခွင့်များ ရရှိရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းစာတွင် ရေးသားထား သည်။ 

မြန်မာ အလုပ်သမားများ တရားဝင် အလုပ် လုပ်ကိုင်နိုင်ရန် အတွက် ယာယီ နိုင်ငံကူး လက်မှတ် ၁ သောင်း ထုတ်ပေးရေး အစီအစဉ်ကို နှစ်နိုင်ငံ အာဏာပိုင်များက လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှ စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ရုံးမှ အရာရှိတဦးက တောင်းဆိုချက်များကို ထွက်ယူစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ထို အစီအစဉ် အတွက် နိုင်ငံသား လက်မှတ် စိစစ်သည့် ဌာနများကို ထိုင်း - မြန်မာ နယ်စပ်မြို့များ ဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ် တို့တွင် ဖွင့်လှစ် ထားသည်။

မြန်မာဘက်မှ အာဏာပိုင်များက လျှောက်ထား သူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသား စိစစ်မှုအတွက် စစ်ဆေးပြီး သတ်မှတ် ထားသည့် အချက် အလက် ပြည့်စုံသူ များကိုသာ ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း နိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား ၂ သန်းခွဲခန့် ရှိသည်ဟု ခန့်မှန်း ထားသည့် အနက်မှ ၁ သန်း ၂ သိန်း ကျော်ကသာ အလုပ်သမား လက်မှတ် ပြုလုပ်ထားရာ ကျန် ၁ သန်းကျော်မှာ အလုပ်သမား လက်မှတ် မရှိသူများဖြစ်သည်။

ဘန်ကောက်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ မှ အလုပ်သမား ရေးရာ တာဝန်ခံ ကိုသက်ခိုင်က ဒီလ ၂၈ ရက်နေ့ မှာမှ ယာယီပတ်စ်ပို့ လုပ်ဖို့ ဖောင်မတင်ထားရင် အစု လိုက် အပြုံလိုက် ဖမ်းဆီးပြီး နယ်စပ်ကို ပြန်ပို့တော့မယ်။ ဒါ့အပြင် ယာယီပတ်စ်ပို့ အစီအစဉ်တွေထဲမှာ ပွဲစားတွေရဲ့ ချယ်လှယ်မှုကြောင့် လိုအပ်တာထက် အဆမတန် ကုန်ကျတာတွေရှိလို့ အလုပ်သမားတွေ ဒုက္ခရောက်ကြရတယ်ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့သော စာထဲတွင် မြန်မာအစိုးရက လော နှင့် ကမ္ဘောဒီးယား အစိုးရများကဲ့သို့ ထိုင်းနိုင်ငံအတွင်း လာရောက်ကာ နိုင်ငံသားဖြစ်ကြောင်း စိစစ်ချက်ကို လုပ်ဆောင်ပေးမည်ဆိုပါက ပိုမို လွယ်ကူ မြန်ဆန်ပြီး လူအများ လက်ခံနိုင်မည့် အနေအထား ရှိနိုင်မည် ဆိုသည့် အချက်လည်း ပါဝင် ကြောင်း၊ ထိုင်း အစိုးရက သေချာ စဉ်းစား လုပ်ကိုင်ပေးမည်ဆိုလျှင် ထိုင်း နိုင်ငံနှင့် မြန်မာ အလုပ် သမားများ အတွက် ပိုမို အကျိုးရှိ ကောင်းမွန်မည့် အစီအစဉ်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပ အလုပ်သမား များအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သည်။

မြန်မာနိုင်ငံ အပါဝင်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင် ထားသူများကို ထိုင်းနိုင်ငံ အတွင်း ငါးဖမ်းလုပ်ငန်း၊ အစားသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာ လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်းများ၌ တရားဝင် အလုပ်လုပ်နိုင်ရန် ခွင့်ပြုထားသည်။

ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပါဝင်ရေးသားသည်။


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ