နယူးဒေလီ (မဇ္ဈိမ)။ ။ ပါလီမန်ခေတ် မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ၁၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဗဟန်းမြို့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာတွင် ယနေ့နံနက် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို သမီးဖြစ်သူ မစန်းစန်းနုနှင့် ဦးနု၏ တပည့်များက စီစဉ်ပြုလုပ်ခြင်း ဖြစ်သည်။
“ဖေဖေ့မွေးနေ့ကို နှစ်တိုင်းပြုလုပ်နေကျပါ။ ဆွမ်းကျွေး အလှူလုပ်တာပါ။ ဆွမ်းကျွေးပြီးအပြန်မှာ ရေဝေးမှာရှိတဲ့ ဖေဖေ့အုတ်ဂုကို သွားကန်တော့ပြီး အမျှဝေခဲ့ပါတယ်” ဟု သမီးဖြစ်သူ ဒေါ်စန်းစန်းနုက ပြောသည်။
ယနေ့အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားများ၊ အန်အယ်ဒီ ခေါင်းဆောင် ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဒေါက်တာ ဝင်းနိုင်၊ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားပါတီများမှ ဦးသုဝေ၊ ဦးသာဗန်း၊ ၊ ဆရာကြီး ဒဂုံ တာရာကဲ့သို့သော စာပေအသိုင်း အဝိုင်းမှ ပုဂိုလ်များနှင့် အခြားထိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။
အခမ်းအနားတက်ခဲ့သူ အန်အယ်ဒီ CEC အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က “ ၁၅ နှစ်မြောက် တရားတော်နာ ဆွမ်းကျွေးအခမ်းအနား လုပ်တာပါ။ အခမ်းအနားကို နိုင်ငံရေး အသိုင်းအဝိုင်းကလူတွေ တော်များများ တွေ့တယ်။ ဒဂုံတာရာကိုလည်း တွေ့ခဲ့ပါတယ်။ တိုင်းရင်းသားပါတီက လူတွေကိုလည်း တွေခဲ့ပါတယ်” ဟု ပြောသည်။
၁၉ဝ၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ဦးနုကို ဧရာဝတီတိုင်း မြောင်းမြခရိုင် ဝါးခယ်မမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဗြိတိသျှထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေး အရယူပြီးနောက် နိုင်ငံဝန်ကြီးချုပ် တာဝန်ကို ၁၉၄၈ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၅၇ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၆ဝ ခုနှစ်တွင် တတိယအကြိမ် ရယူထမ်းဆောင်ခဲ့သည်။
ငယ်စဉ်ကတည်းက ပညာရေးထူးချွန်ပြီး ၁၉၂၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ BA ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ပန်းတနော်နှင့် သုံးခွမြို့တွင် ကျောင်းဆရာအဖြစ်လည်းကောင်း၊ ကျောင်းအုပ်အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ပန်းတနော် အမျိုးသားကျောင်းကော်မတီ ဥက္ကဋ္ဌ သမီး မမြရီနှင့် အိမ်ထောင်ကျ၍ သား ၂ ဦး၊ သမီး ၂ ဦး ထွန်းကားခဲ့သည်။
၁၉၃၄ ခုနှစ်တွင် B.L ခေါ် ဥပဒေတန်းကို တက်ရောက်ပြီး တက္ကသိုလ်သမဂ္ဂ အမှုဆောင်အဖြစ်လည်းကောင်း တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။
၁၉၃၆ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့ပြီး ကျွန်ပညာရေး အလိုမရှိ ဟူသော သဘောဖြင့် နယ်ချဲ့အစိုးရထံ B.A ဘွဲ့ ပြန်အပ်ခဲ့သည်။
ရန်ကုန် တက္ကသိုလ်ကျောင်းသား ဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် လှုပ်ရှာခဲ့ပြီး ၁၉၃ဝ ခုနှစ်တွင် ဒို့ဗမာအစည်းအရုံးဝင် ဖြစ်လာပြီး သခင် အမည် ခံယူခဲ့ရာမှ သခင်နုဟု ထင်ရှားလာခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် သခင်သန်းထွန်းနှင့် ပူးပေါင်းကာ အမျိုးသားရေးနှင့် လက်ဝဲဆန်သည့် နဂါးနီ စာအုပ်တိုက် ထူထောင်ခဲ့သည်။
ပြည်သူ့အရေးတော်ပုံပါတီကို တည်ထောင်သူတဦးအနေဖြင့် ဆက်လက်ထင်ရှားလာပြီး မကြာမီတွင် ၎င်းပါတီသည် ဆိုရှယ်လစ်ပါတီအဖြစ် ပြောင်းလဲသွားသည်။ ဂျပန်ခေတ်လွန် ကာလများတွင် ဖဆပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး) တွင် ပါဝင်လှုပ်ရှားကာ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသဖြင့် လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ ဖဆပလ အဖွဲ့ချုပ် ခေါင်းဆောင်အဖြစ် နိုင်ငံ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း လုပ်ဆောင်ဆဲဖြစ်သည့် အင်္ဂလိပ်တို့နှင့် ဆက်လက် ဆွေးနွေးရေးကို ဆောင်ရွက်ခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်သဖြင့် ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခံခဲ့ရသည်။
ဦးနုသည် ဗုဒ္ဓဘာသာဝင်တဦးဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပသနာ့ လှိုဏ်ဂူတော်ကြီးတွင် ကျင်းပသော ဆဋ္ဌသံဃာယနာတင်ပွဲကို ဒါယိကာအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးနုသည် စာပေအရေးသားကောင်းသူ တဦးလည်းဖြစ်ပြီး ပြဇာတ်များ၊ ဘာသာပြန်စာအုပ်၊ ကိုယ်တိုင်ရေးစာအုပ်နှင့် ဆောင်းပါး စသဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်ခန့် ရေးသားခဲ့သည်ဟု သမီးဖြစ်သူ ဒေါ်စန်းစန်းနုက ပြောပြသည်။
“ဖေဖေ ရေးခဲ့တဲ့အထဲမှာ ဘာသာပြန်စာအုပ်ဖြစ်တဲ့ မိတ္တဗလဋ္ဌီကာ၊ ကိုယ်တိုင်ရေး ငါးနှစ်ရာသီ ဗမာပြည်၊ ကာမတဏှာ၊ ရက်စက်ပါပေ့ကွယ်၊ နောက်ဆုံးထုတ်တဲ့ မြတ်တရားကို ရှာဖွေတွေ့ရှိသူတွေက လူကြိုက်များတယ်” ဟု ဒေါ်စန်းစန်းနုက ပြောသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)
AWU ၏ လုပ်ငန်းစဉ်အချို့
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊