AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, February 21, 2010

မဒေးကျွန်းနေ ပြည်သူများ၏ အနာဂတ် မသေချာ မရေရာ

2/20/2010

ထွန်းနိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် နေထိုင်နေကြသော ပြည်သူများ၏ လယ်မြေများနှင့် အိမ်များမှာ စစ်အစိုးရ၏ ဂတ်(စ်) ပိုက်လိုင်း စီမံကိန်းအတွက် သိမ်းဆည်းခံထားရပြီး မိသားစု ၅၀၀ ကျော်တို့၏ အနာဂတ်မှာလည်း မသေချာ မရေရာ ဖြစ်နေကြရသည်။

ဒေသခံ အရပ်လူကြီးတဦးက“ ကျနော်တို့ မဒေးကျွန်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ အခြေအနေဟာ အခုဆို တော်တော်ကို ဆိုးနေပါတယ်။ ကျနော်တို့ ပြည်သူတွေပိုင်တဲ့ လယ်မြေတွေ အမြောက်အများဟာ ဂတ်(စ်) ပိုက်လိုင်းစီမံကိန်းအတွက် သိမ်းဆည်းခံထားရပါတယ်။ နောက်ပြီးတော့ ဒီကျွန်းမှာရှိတဲ့ ကျေးရွာတွေက မိသားစု တော်တော်များဟာ အိမ်တွေ၊ လယ်မြေတွေ အသိမ်းခံရတဲ့အတွက် အခုအခါ ရွာအနီးက မြေနေရာ အလွတ်တွေမှာ တဲငယ်လေး တွေဆောက်ပြီး နေထိုင် နေကြရပါတယ် ” ဟု နိရဉ္စရာသို့ပြောသည်။

မဒေးကျွန်းသည် ကျောက်ဖြူမြို့နှင့် ၁၀မိုင်ခန့် ကွာဝေးပြီး အဆိုပါနေရာတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ တင်ပို့မည် ဓာတ်ငွေ့ ပိုက်လိုင်းတခုကို စတင် တည်ဆောက်နေသည်။

အဆိုပါကျွန်းတွင် ကျေးရွာ ၁၂ရွာရှိပြီး အများစုမှာ ဆင်းရဲသော ရွာငယ်များဖြစ်ကြသည်။ သို့သော်လည်း ပြိန်ရွာ၊ ရွာမရွာ၊ ကျောက်တန်းရွာနှင့် မဒီချောင်း ကျေးရွာများမှာမူ အိမ်ခြေ ၁၀၀ကျော် ရှိသော ရွာကြီးများ ဖြစ်ကြသည်။

“ကျနော်တို့ရဲ့ လယ်မြေတွေ၊ အိမ်တွေ အသိမ်းခံရတဲ့နောက် ကျနော်တို့ ဘယ်မှာ သွားနေ ရမယ်ဆိုတာကို မသိရသေး ပါဘူး။ အာဏာပိုင်တွေ ပြောတာကတော့ သူတို့ ထားတဲ့နေရာမှာ နေရမယ်လို့ပြောပါတယ်။ ကျနော်တို့က ဒီကျွန်းကနေပြီးတော့ ဘယ်နေရာကိုမှ မသွားချင်ပါဘူး။” ဟု သူက ဆက်ပြောသည်။

လယ်မြေများ၊ အိမ်ယာများကို ကျေးရွာ ရယက ဥက္ကဌများနှင့် မြို့နယ် အာဏာပိုင်များက
Asia Worlds ကုမ္ပဏီမှ တာဝန်ရှိသူများ၏ အကူအညီကို ယူပြီး သိမ်းယူနေခြင်း ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

၎င်းအပြင် လယ်သမားများပိုင်ဆိုင်သော လယ်မြေအများအပြားမှာ ဂတ်(စ်)ပိုက်လိုင်း စီမံကိန်းအတွက် ယခုအခါ မြေတူးစက်ဖြင့် တူးဖေါ်ပြီး ဖျက်ဆီးခံနေကြရသည်။

သိမ်းဆည်း ခံထားရသော လယ်မြေများမှာ ရွာမကျေးရွာမှ ဦးလှသိန်းတွင် ၃ဧက၊ ဦးမောင်ရွှေသာတွင် ၂ ဧက၊ ဒေါ်လှခင်ဝင်းတွင် ၁ဧက၊ မောင်ဆန်းဝင်းတွင် ၂ဧက၊ ဦးကြည်တွင် ၁ဧကနှင့် တခြား တခြားသော သူများ၏ လယ်မြေများဖြစ်ကြသည်။

အလားတူ ပြိန်ရွာမှ သိမ်းဆည်းခံထားရသော လယ်မြေများမှာ ဦးခင်မောင်တွင် ၁ ဧက၊ ဦးဝင်းကျော်ခိုင်တွင် ၁ဧက၊ ဦးလှကျော်သောင်းတွင် ၂ ဧက၊ ညိုဆန်းဝင်းတွင် ၂ဧကနှင့် တခြား ဒေသခံများ၏ လယ်မြေများ ဖြစ်ကြသည်။

“အာဏာပိုင်တွေက အစကတော့ သိမ်းဆည်းတဲ့ လယ်မြေတွေအတွက် ထိုက်တန်တဲ့ လျှော်ကြေးငွေ တွေကို ဒေသ ပေါက်ဈေး အတိုင်း ပေးမယ်ဆိုပီးပြောဆိုထားပါတယ်။ ဒါပေမယ့် အခုထိ လျှော်ကြေး တစုံတရာ မရ ရှိသေးပါဘူး။ လျှော်ကြေး အတွက် ပေးမယ့်ငွေတွေကိုလည်း ရွာသားတွေကို ပြောင်းရွေ့ နေရာချထားတဲ့အခါ အသုံးပြုမယ်ဆိုပီး အာဏာပိုင်တွေက ပြောနေပါတယ်။” ဟု သူကပြောသည်။

ယခုကဲ့သို့ လယ်မြေများနှင့် အိမ်များ ဖြိုဖျက်ခံနေရသဖြင့် ကျေးရွာသားများ၏ အနာဂတ်မှာ မရေရာ မသေချာ ဖြစ်နေကြရသည်။

----------------------------------- ----------------------------------- ----------------------------------- -----------------------------------
(နိရဉ္စရာ)



သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ