AWU ၏ လုပ်ငန်းစဉ်အချို့

Monday, March 8, 2010

ကြံ့ဖွံ့က လူထုစည်းရုံးရေး တိုးမြှင့် လုပ်ဆောင်လာ

ရန်ကုန်၊ နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက ၂ဝ၁ဝ နှစ်ဦးပိုင်းမှ စတင်၍ ရန်ကုန်တွင် လူထုစည်ရုံးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြောင်း မြို့ခံများက ပြောဆိုကြသည်။

၂ဝဝ၉ ခုနှစ်တွင် လမ်းများကို ကွန်ကရစ်ခင်းခြင်း၊ မြို့နယ်များတွင် နာရေးကူညီမှုအသင်းများ ထူထောင်ခြင်း၊ အခမဲ့ မျက်စိနှင့် မျက်မှန် စမ်းသပ်ခြင်း၊ အခမဲ့ ဆေးပေးခန်းနှင့် ကျူရှင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ငွေချေးခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းအပြင် ရန်ကုန်ကို နေ့စဉ်ပေးဝေသည့် သောက်သုံးရေ လုံလောက်စေရန် မြို့လည်ဧရိယာတဝိုက် အဝီစိတွင်းများ တူးဖော်ပေးခဲ့သည်ဟု ဆိုသည်။


ထိုသို့သော စည်းရုံးရေး လုပ်ငန်းများအပြင် ယခုနှစ်တွင် ရန်ကုန် ဆင်ခြေဖုံး ၁ဝ မြို့နယ်ရှိ ဆင်းရဲသားများ၏ နေအိမ်ချို့ယွင်းနေမှုများကိုပါ ပြန်လည်၍ ပြုပြင်တည်ဆောက်ပေးနေကြောင်း သိရသည်။
usda-wide-confrence2
ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတ၊ ကြည့်မြင်တိုင်နှင့် မရမ်းကုန်းတို့တွင် တမြို့နယ်လျှင် အိမ်ခြေ ၁ဝ လုံးနှုန်းဖြင့် တည်ဆောက်ပေးခြင်း ဖြစ်သည်။

''အခုကျနော်တို့အဖွဲ့က ရန်ကုန်မှာ မြို့နယ် ၁ဝ မြို့နယ်မှာ နေအိမ်တွေ ပြုပြင်ဖို့ အခက်အခဲရှိတဲ့ ဆင်းရဲသား လက်လုပ်လက်စားတွေအတွက် အခမဲ့ အသစ်ပြန်ဆောက်ပေးတာ ဖြစ်တယ်။ နေအိမ်တလုံးကို ကုန်ကျမှုက ၇ သိန်းနဲ့ ၈ သိန်းကြား ရှိတယ်'' ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ ကြံ့ဖွံ့အဖွဲ့ဝင် တဦးက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်မူ နေအိမ်တည်ဆောက်ပေးသည့် ကုန်ကျငွေအတွက် တလလျှင် ကျပ် ၁ဝဝ နှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် နေအိမ်ဆောက်လုပ်ပေးခံရသူများမှာ ကြံ့ဖွံ့အသင်းဝင် အများစုသာဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူတဦးက “ရပ်ကွက်မှာ အိမ်မပြုပြင်နိုင်တဲ့သူတွေ၊ ဒေသခံတွေ၊ အသင်းသားတွေ၊ တကယ်မဆောက်နိုင်တဲ့ သူတွေအတွက် ဦးစားပေး လုပ်ဆောင်နေတာပါ။ တလကို ၁ဝဝ ပြန်ဆပ်ရမယ်။ ၅ သိန်းတန် အိမ်တွေအတွက် ၅ သိန်း မပြည့်မချင်း တလကို ၁ဝဝ ပေးရမယ်” ဟု မဇ္ဈိမကို ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းတွင် အိမ် ၁ဝ လုံးနှင့် ကြည့်မြင်တိုင်အပိုင် ရန်ကုန်တဖက်ကမ်းရှိ ဆိပ်ကြီး ဥမြငါးဇင်တွင် ၁ဝ လုံး တည်ဆောက်ပြီးဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်တွင်လည်း တမြို့နယ်လျှင် နေအိမ် ၁ဝ လုံးကျစီ ဆောက်လုပ်ပေးသွားဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ဝင် တဦးက ပြောသည်။

ကြံ့ဖွံ့မှ ပြန်ဆောက်ပေးသော အိမ်များကို တသက်တာ  ရောင်းချခြင်းများ မပြုလုပ်ပါကြောင်း အိမ်ပိုင်ရှင်များက လက်မှတ်ထိုးရကြောင်း သိရသည်။

''ကျနော်တို့အိမ်က ၁ဝ ပေ၊ ပေ ၄ဝ ပတ်လည်ပေါ့။ မြေအမည်ပေါက်တယ်။ ရောင်းချတာ၊ ပေါင်ထားတာ မရှိဘူး။ ပြောရရင် အရှုပ်အရှင်း ကင်းတယ်။ သူတို့ဆောက်ပေးတာက ကာလတန်ဖိုး ၇ သိန်း တန်လောက် ရှိတယ်လို့ ပြောတယ်။ အုတ်ခံထားတယ်။ အုတ်ကို တဝက်ကာတယ်။ သံဇကာတွေကို အကွက်ခတ်ပေးတယ်။ အဲဒီ သံဇကာမှာ တံခါးမပါဘူး။ အရင်က ကျနော်တို့ အိမ်က ထရံကာတာ။ အိမ်က လုံနေတာပေါ့။ ခုတော့ သံဇကာကွက်နဲ့ ဆိုတော့လေ တံခါးမပါတော့ ဟင်းလင်းပြင်လိုပေါ့။ တံခါးက တပ်မှဖြစ်မယ်၊ ပြူတင်းတံခါးကို'' ဟု ဒဂုံမြို့သစ်တောင်ပိုင်း နေအိမ်ပြန်တည်ဆောက်ပေးခံရသူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ရန်ကုန်တိုင်း ကြံ့ဖွံ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်း တာဝန်ခံဖြစ်ကာ စည်ပင်လုပ်ငန်းများထက် ကြံ့ဖွံ့လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လေ့ရှိပြီး၊ လူထုစည်းရုံးရေးကို အဓိက လုပ်ဆောင်နေသူဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

လူမှုရေးအသင်းအဖြစ် ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရက စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ အတိုက်အခံများနှင့် ဆန္ဒပြသူများကို ဖိနှိပ်ဖြိုခွဲရာတွင် တက်ကြွစွာ ပါဝင်လေ့ရှိကာ ၂ဝဝ၈ အခြေခံ ဥပဒေ အတည်ပြုရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သည့် အဖွဲ့အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

လတ်တလော နေအိမ်တည်ဆောက်ပေးသည့် လုပ်ငန်းများသည်လည်း ယခုနှစ်တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည့် ရွေးကောက်ပွဲများနှင့် ဆက်စပ်နေနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် NDD ခေါ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ခင်ဥမ္မာက သုံးသပ်သည်။ 

“၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်မယ့်ဟာနဲ့ ဆက်စပ်နေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနာမည်နဲ့ မဟုတ်တောင်မှ အဖွဲ့ဝင် တချို့က လာမယ့်ရွေးကောက်ပွဲမှာ နအဖ အလိုကျ ရွေးကောက်ပွဲဝင်မယ့် ပါတီမျိုးတွေအနေနဲ့ ဝင်ပြိုင်မယ့် အခြေအနေမျိုးတွေ တွေ့နေရတယ်။ သူတို့အနေနဲ့ အခုချိန်မှာ မျက်နှာရအောင် လုပ်ဆောင်နေတဲ့ သဘောမျိုး တွေ့ရတယ်” ဟု သူက ပြောသည်။


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ