AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, March 21, 2010

စောင့်နေမှာပါ သားရယ် မကြာပါဖူး..ထောင် (၁၀၄) နှစ်



သားလေး မောင်ဘိုဘို (သို့ မဟုတ်) ဘိုမင်းယုကို
တရံမလပ် အမေ သတိရနေတယ်..
ကျန်းမာရေးဂရုစိုက် သားငယ်။

သားဖေဖေ မျက်ကွယ်ပြုကတည်းက
မောင်နှမ သုံးယောက်နဲ့ အမေအိုဘဝ
အမေ့နားပေါက်က ဟောင်းလောင်း..
တမင်းနပ်မမှန်ချင်..၀မ်းပိုက်လည်း ဟောင်းလောင်း
မိသားစုရဲ့ ၀မ်းစာ ဆင်းရဲတွင်းနက်တဲ့ အခါ
လိမ်မာလိုက်တဲ့သား လူလေးခမြာ
ဆယ်တန်း ကျောင်းစာတစ်ဖက်
ကားဆေးမှုတ်ပညာ အလုပ်တဖက်နဲ့
လုပ်ကျွေးခဲ့တာ အမေ သာဓုခေါ်ပါတယ်။
နဖူးကချွေးမ ခြေကျ

ဆပ်ခဲ့ရှာတဲ့ အမေ့ကျေးဇူး
အမေ ယုံကြည်တာ..
သားရဲ့ကံကြမ္မာ.ဘယ်တော့မပြိုလဲပါဘူး..

အထက်ဗမာပြည်(မန္တလေး)ဗကသ ကျောင်းသား
သူယုံကြည်ရာ တောင်းဆို ရုန်းကန်ခဲ့တာ အပြစ်တဲ့လား.
လူလူချင်း..လူတန်းစားကွဲပြားမှု ရဲ့ခါးသီးချက်..
တစ်ရက်ပြီး တစ်ရက် သိခဲ့တဲ့အခါ..
လူငယ်ထု အတွက်..သားဒေါင်းအလံထူခဲ့တယ်။
လူငယ်ရဲ့အနာဂတ်..လူငယ်ဘဲပိုင်ရမယ်။

၂၀၀၈ ရွှေဝါရောင် နှစ်ပတ်လည်စမဲ့အချိန်
နေပြည်တော်ဘူတာမှာ ဖမ်းဆီး ခံရ
တဖက်သတ် စွပ်စွဲထောင်ချ…
ရှေ့နေ လိုက်ခွင့်တောင်မရပါဘူး..
ကြားမယုံနိုင်စရာ..ထောင် ၁၀၄ နှစ်တဲ့..
သူကျူးလွန်တာ ရာဇ၀တ်မှုမဟုတ်ဘူး
ဘယ်နိုင်ငံတရားစီရင်ရေးမှ..ဒီလိုမဆုံးဖြတ်ဘူး။
မဆလခေတ် ကြိုးဒဏ်ကျ ကျောင်းသားခေါင်းဆောင်
ဆလိုင်း ကိုတင်မောင်ဦးက လွဲရင်
သားက ဒုတိယ..အပြစ်ကြီးဆုံး..
နအဖ ရဲ့ အမုန်းခံရဆုံး..တရားခံပါ။
ကျောင်းသားနဲ့ အပြစ်မတန်..
ဒါ လူမဆန်ဘူး..

မိသားစု ဝေးရာတမင်ခွဲ
မန္တလေးအိုးဘိုထောင်မှ တဆင့် သရက်ထောင်
ဝေးသီခေါင်..အမေ ထောင်ဝင်စာမှန်မှန်
လာမတွေ့ ဖြစ်တာခွင့်လွှတ်ပါ။

ထောင်တွင်းမှာ နှိပ်စက် ဦးခေါင်းဒဏ်ရာ
အပြင်းဖျားလို့ ခေါင်းကိုက် ဝေဒနာ
မကြာခဏ မူးမိုက်လဲကျ
အစာမ၀..တိုက်ပိတ်ခံရ.
ညောင်းချိနေတယ်..တဲ့
အသက် ၂၂ နှစ် ဘဲရှိပေမဲ့
လူမမာလုံးလုံး..တုံးလုံးလဲနေသတဲ့..

ဘုရား..ဘုရား သက်ဝင်းအောင်လို ဘ၀မဆုံးပါစေနဲ့
ဒီ ဆုတောင်းရုံကလွဲ..
အမေ ဘာများတတ်နိုင်ပါ့မလည်း..

သားငယ် လူလေး..
အမေ့အတွက် ရင်မလေးနဲ့ ..
အပြင်မှာ အမေ..အဆင်ပြေတယ်..
သားသာ နေကောင်းအောင်နေ..
လူဘ၀ ဆိုတာ..နိမ့်မြင့်တက်ကျ
အချိန်ကျရင် ဘယ်လောက် တော်ပစေ..
အပေါ်မှာချည်း မနေဘူး
မျှော်လင့်ချက်လှေနဲ့ မုန်တိုင်းကိုရွက်တိုက်
အားမာန်ဝင် ယှဉ်ပြိုင်လေ
အသက်ကို ရှင်သန်နေစေ။
ကျောင်းနံရံမှာဒေါင်းအလံထူမဲ့ရက်..
မဝေးတော့ပါ..သိပ်မကြာ..။
မနက်ဖြန်ဟာ..သားရဲ့ လက်တကမ်းအကွာ။

မသဒ္ဓါ ( ၁၀။၁၉။၂၀၀၉)

HTTP://WWW.MAEGYI.BLOGSPOT.COM

အမည်။ ။ ကိုဗိုလ်မင်းယုကို(ခ)ဘိုဘို
ထောင်ဒဏ်။ ။ (၁၀၄)နှစ်
အသက်။ ။ (၂၁)နှစ်
မိဘအမည်။ ။ ဦးအောင်ဆန်းလင်း(ကွယ်လွန်)၊ ဒေါ်သန်းမြင့်။
အဖမ်းခံရသည့်နေ့။ ။ (၁၆၊ ၉၊ ၂၀၀၈) ညပိုင်း(၁၀)နာရီ
ပညာအရည်အချင်း။ ။ (၁၀)တန်း (ပြင်ပမှ ဖြေဆိုဆဲ)
တက်ရောက်နေသည့်ကျောင်း။ ။အမှတ်(၇)အခြေခံပညာအထက်တန်း
ကျောင်း၊ ချမ်းမြသာစည်မြို့နယ်၊
နေရပ်လိပ်စာ။ ။အကွက်(၅၀၂ ) သီတာအေးရပ်ကွက်၊ မေဇင်သိန်း
အိမ်ယာ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ဗကသအဖွဲ့ဝင်“ကိုဗိုလ်မင်းယုကို” အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်
ရေးသူ..ညွန့်သက်ထားဦး (Freedom News Group)

အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကို အားအမှုပေါင်း(၄၀)ဖြင့် စွဲချက် တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေး အိုးဘိုထောင်တွင်းတရားရုံးတွင်ရှေ့နေမပါဘဲ တဖက်သတ် နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။

ကိုဗိုလ်မင်းယုကို သည် အမေတခုသားတခုဘ၀ဖြင့် စီးပွားရေးချို့တဲ့စွာ ရုန်းကန်နေရင်း အထက်ဗမာပြည် ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်။ ကျောင်းသားထုအခွင့်အရေးနှင့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကိုဗိုလ်မင်းယုကို အား ယခုလို နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ် ချမှတ် လိုက်ခြင်းမှာ ကျောင်းသားထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေကို နအဖစစ်အစိုးရမှ ပြောင်ပြောင် တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်။ ယခုလို လူငယ်ကျောင်းသားတစ်ယောက်အပေါ် ချမှတ်သည့်ပြစ်ဒဏ် သည် မည်သည့်နိုင်ငံတကာတရားစီရင်ရေးစနစ်တွင်မှ မတွေ့ရနိုင်သည့် ဖြစ်ရပ်မျိုး ဖြစ်ပါသည်။ မဆလခေတ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးအား သေဒဏ်ပေး သည့်ဖြစ် ရပ်ပြီးလျှင် ယခု ကိုဗိုလ်မင်းယုကို ကို ချမှတ်လိုက်သည့် ပြစ်ဒဏ်သည် မြန်မာနိုင်ငံကျောင်းသား သမိုင်းတွင် ဒုတိယမြောက်အကြီးမားဆုံးဖြစ်သည်။

ဗကသ အထက်ဗမာပြည်(မန္တလေး) အဖွဲ့ဝင် ကျောင်းသား ကိုညီညီအားလည်း မန္တလေးထောင်တွင်း တရားရုံးကပင် ထောင်ဒဏ်နှစ်(၅၀)ချလိုက်ပါသည်။
နအဖစစ်အစိုးရက ကိုဗိုလ်မင်းယုကို အပါအ၀င် ဗကသလူငယ်မျိုးဆက်သစ်ကျောင်းသားများကို တရား လက်လွတ် နှစ်ရှည်ထောင်ဒဏ်များချမှတ်နေခြင်းမှာ အစဉ်အလာ ကြီးမားသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အား အငြိုးအတေးကြီးစွာဖြင့် ချေမှုန်းနေခြင်းဖြစ်ပါသည်ဟု တိမ်းရှောင်နေရသောဗကသ အဖွဲ့ဝင် တစ်ဦးက Freedom News Group သို့ပြောပြသည်။
Freedom News Group မှ ကူးယူဖော်ပြပါသည်။




သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ