|
|
ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၏ ဥက္ကဋ္ဌ ဦးလွယ်မောင်း အပါအဝင် တပ်ဖွဲ့ဝင်အချို့ ပြည်သူ့စစ်အသွင်ပြောင်းရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ၌ ယခုလ (၂၂) ရက်က လက်ခံသဘောတူလိုက်သည်။
ရှမ်းတပ်ဖွဲ့ဥက္ကဋ္ဌ ဦးလွယ်မောင်း ဦးဆောင်သည့် ဗဟိုကော်မတီအချို့ လားရှိုးမြို့ရှိ ရမခ စစ်ဌာနချုပ်သို့ သွားရောက်ပြီး နအဖဘက်မှ ကမ်းလှမ်းထားသည့်အတိုင်း ပြည်သူ့စစ်အသွင်ပြောင်းရန် လက်ခံလိုက်သည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူ လားရှိုးဒေသခံတဦးက ပြောသည်။
၎င်းက “ဦးလွယ်မောင်းတို့ပါတဲ့ ဗဟိုကော်မတီတွေရယ်၊ တပ်မဟာမှူး ဗိုလ်မှူးကြီး လှမြင့်ရဲ့ တပ်မဟာ (၃) က လူတွေနဲ့ ပြည်သူ့စစ်လုပ်ကြပြီ။ တပ်မဟာ (၁) က ပန်ဖတို့အဖွဲ့ကတော့ အဲဒါကို သဘောမတူဘူးဆိုပြီး ပြောနေတယ်။ အခုက အားလုံး ပြည်သူ့စစ်လုပ်ဖို့ သဘောတူတာမဟုတ်ဘူး။ ရမခ ကလည်း အကြိမ်ကြိမ် ဖိအားပေးနေတာ။ အောက်က တပ်တွေကလည်း လက်မခံ၊ အခု တပ်မဟာ (၃) ပါလာတော့ အခုလို လက်ခံလိုက်တာ” ဟု ပြောသည်။
ရှမ်းတပ်ဖွဲ့အတွင်း ပြည်သူ့စစ်လက်ခံရေး၊ လက်မခံရေး သဘောထားကွဲကာ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပြီး ယခုကဲ့သို့ ဥက္ကဋ္ဌ ဦးလွယ်မောင်းနှင့် အဖွဲ့က လက်ခံလိုက်သည့်အတွက် ရှမ်းတပ်ဖွဲ့အတွင်း အကွဲအပြဲ ပေါ်လာနိုင်ကြောင်း အဆိုပါ လားရှိုးဒေသခံက ပြောသည်။
၎င်းက “အခုက ပြည်သူ့စစ် လက်ခံတယ်ပြောတာ အားလုံးသဘောတူညီချက် မရလိုက်ဘူး။ တပ်မဟာ (၁) တပ်မဟာမှူး ပန်ဖ ဆိုရင် သူက ဝလူမျိုးနဲ့ နွယ်တယ်။ ပြည်သူ့စစ်ကိစ္စကို တင်းတင်းမားမား ဖြစ်နေတဲ့သူပဲ။ အခုလိုဖြစ်လာတော့ အကွဲအပြဲတွေ၊ ထွက်ပြေးတာတွေ ဖြစ်လာနိုင်တယ်။ အက်စ်အက်စ်အန်အေက ဦးစိုင်းရီ တောပြန်ခိုတဲ့ ပုံစံမျိုး ဖြစ်ရင်လည်း ဖြစ်မှာပေါ့” ဟု ပြောသည်။
ရှမ်းပြည်တပ်မတော်အား ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်လွတ်လပ်ရေးအတွက် ဖွဲ့စည်းခဲ့ပြီး အစိုးရအဆက်ဆက်အား တော်လှန်တိုက်ပွဲဝင်ခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်တွင် စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေးပြုလုပ်ခဲ့ကာ ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းတပ်ဖွဲ့ထိန်းချုပ်ရာဒေသကို ရှမ်းပြည်နယ်၊ အထူးဒေသ (၃) အဖြစ် သတ်မှတ်ခဲ့သည်။
ယမန်နှစ်၊ ဧပြီ (၂၈) ရက်မှစ၌ နယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ နယ်စပ်နှင့် အလှမ်းဝေးသည့် အပစ်ရပ်အဖွဲ့များကို ပြည်သူ့စစ်အဖွဲ့အဖြစ်လည်းကောင်း အသွင်ပြောင်းရန် ကမ်းလှမ်းထားခဲ့ရာ ယခုလ (၂၂) မှ (၂၈) ရက်အတွင်း အသွင်မပြောင်းပါက အပစ်ရပ်မတိုင်မီကအတိုင်း အခြေအနေပြန်ရောက်သွားမည်ဟု နအဖဘက်က ရာဇသံပေးထားသည်။ |
|