AWU ၏ လုပ်ငန်းစဉ်အချို့

Wednesday, May 5, 2010

နရဲစွမ် ရုပ်ရှင် ဘတ်ဂျက်ခွဲဝေမှု အငြင်းပွား

E-mail Print
ဘုရင့်နောင်က ခေါ်ယူမွေးစား ဖူးသည့် ထိုင်းဘုရင် နရဲစွမ် (မြန်မာ အခေါ် ဗြနရာဇ်) အကြောင်း ရုပ်ရှင်အတွက် ဘတ်ဂျက် ချပေးမှုနှင့် ပတ်သက်၍ ထိုင်းရုပ်ရှင် ထုတ်လုပ်သူများနှင့် ထိုင်းအစိုးရတို့ အငြင်းပွားနေကြောင်း သိရသည်။

နရဲစွမ် ရုပ်ရှင်ဇာတ်ကား ကြော်ငြာ
ရုပ်ရှင် ထုတ်လုပ်မှု စီးပွားရေး ကဏ္ဍ တိုးတက် လာစေရန် ထိုင်းအစိုးရက ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ဘတ် သန်း ၂၀၀ ချပေးခဲ့သည်။ ယင်းအနက် ဘတ် သန်း ၁၀၀ ကို နရဲစွမ် ဘုရင်၏ သမိုင်း နောက်ခံ (The Legend of King Naresuan) ရုပ်ရှင် အပိုင်း သုံးနှင့် လေးအတွက် လျာထား ပေးလိုက်ပြီး ကျန်ဘတ် သန်း ၁၀၀ ကို ရုပ်ရှင် စီမံကိန်း ၄၈ ခု ခွဲဝေ ယူကြရန် လျာထား ပေးလိုက်၍ အငြင်း ပွားခြင်း ဖြစ်သည်။

ယင်းသို့ ခွဲဝေမှုကို မကျေနပ်၍ ရုပ်ရှင်ထုတ်လုပ်သူများက ယဉ်ကျေးမှု ဝန်ကြီးနှင့် ယမန်နေ့က ၃ နာရီကြာ သွားရောက် ဆွေးနွေးကြောင်း သိရသည်။

နရဲစွမ်(Neresuan)ရုပ်ရှင်သည် ပထမ ရုပ်ရှင် နှစ်ကားအတွက် ဘတ် သန်း ၃၃၀ ရပြီးဖြစ်ကြောင်း၊ ဘတ်ဂျက်ခွဲဝေမှုကို ပြန်လည် စိစစ်ပေးခြင်း မရှိပါက အုပ်ချုပ်ရေးဆိုင်ရာ တရားရုံး (Administrative Court) နှင့် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် သို့ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားမည်ဟု ရုပ်ရှင်ထုတ်လုပ်ရေးသမားများ၏ ကိုယ်စားလှယ် မနစ် စရီဝနစ်ချဖုန်က ဆိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ဘတ်ဂျက်ခွဲဝေမှုနှင့် ပတ်သက်၍ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနသည် ခိုင်မာသော လမ်းညွှန်ချက်နှင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဘန်ကောက်ပို့စ် အယ်ဒီတာ့အာဘော်တွင်လည်း ထောက်ပြထားသည်။

နရဲစွမ် ရုပ်ရှင်သည် ထိုင်းသမိုင်းနှင့် ရုပ်ရှင်များတွင် ဖော်ပြနေကျဖြစ်သော မြန်မာဘုရင် ဘုရင့်နောင်ကို ဆိုးသွမ်းသော ဘုရင် အဖြစ်ထက် ဘုန်းလက်ရုံး ရှိသော ဘုရင်တပါးအဖြစ် ပုံဖော်ထားသည်။

ဘုရင်နရဲစွမ် အကြောင်း ကိုရေးသားရိုက်ကူးရာတွင် ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနှင့် ချဉ်းကပ်၍ မဖြစ်ပါကြောင်း၊ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးသော မြန်မာဘုရင် ဘုရင့်နောင်သည် မြို့ပြနိုင်ငံတော် (City-state) များကို အောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာများကို ထိုင်းတို့၏ ထာဝရရန်သူအဖြစ် ရိုက်ကူးခြင်း မဟုတ်ကြောင်း ဒါရိုက်တာက အင်တာဗျူးတခုတွင် ပြောထားသည်။

နရဲစွမ် ရုပ်ရှင် ဒါရိုက်တာမှာ မြန်မာများနှင့် ပတ်သက်သည့် သမိုင်းကားဖြစ်သော နာမည်ကျော် ဆူရီယိုထိုင်း ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ထိုင်းတော်ဝင်မိသားစုမှ မင်းသား ချတ်ရီချလိမ် ယူကွန် ဖြစ်သည်။

နရဲစွမ် ဇာတ်ကား၏ အဓိက ကျောရိုးမှာ ၁၅ ရာစု ခေတ်လယ်ခန့်က ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဒယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ၉ နှစ်အရွယ် မင်းသား နရဲစွမ်ကို ဟံသာဝတီ ရွှေနန်းတော်သို့ ခေါ်ဆောင်ခဲ့သည်။ ဘုရင့်နောင် နတ်ရွာစံပြီးနောက် နန္ဒဘုရင်လက်ထက်တွင် နရဲစွမ်က ထိုင်းလူမျိုးများကို စုစည်း၍ မြန်မာဘုရင်ကို ပုန်ကန်ခြားနားပြီး အယုဒ္ဒယကို ပြန်လည်ရယူခဲ့သည့် အကြောင်း ဖြစ်သည်။

ရုပ်ရှင် ပထမပိုင်းနှင့် ဒုတိယပိုင်းကို ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ နှင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် တပြိုင်နက် ပြသခဲ့သည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ