AWU ၏ လုပ်ငန်းစဉ်အချို့

Monday, August 9, 2010

ထိုင်းကုန်ပစ္စည်းများ ရေလမ်းမှတင်သွင်း


 

မျိုးဝင်းဇော်   

ထိုင်းကုန်ပစ္စည်းများ အဓိက တင်သွင်းနေသည့် မြဝတီနယ်စပ်ဂိတ်ကို မြန်မာဘက်မှ ကာလကြာရှည်ပိတ်ထားသောကြောင့် ရန်ကုန်နှင့် အခြားမြို့ကြီးတို့တွင် ထိုင်းကုန်စည်များ ဈေးကြီးမြင့်ပြတ်လပ်နေသဖြင့် ရေလမ်းမှ မှောင်ခိုသွင်းမှုများ ရှိလာနေကြောင်း ညောင်ပင်လေးဈေးမှ လက်ကားဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ထိုင်းကုန်စည် လက်ကား ဖြန့်ဖြူးသူတဦးက လက်ရှိ ဈေးကွက်ထဲမှာ ထိုင်းနိုင်ငံကနေ သွင်းတဲ့ ကိုကာကိုလာ၊ စပရိုက် ဒဿမ (၇၅) လီတာနဲ့ (၁) လီတာ ဘူးတွေဆို ပစ္စည်းလုံးဝပြတ်နေတယ်။ ကုန်တိုက်တွေ၊ ဈေးဆိုင်တွေမှာလည်း လက်ကျန် လုံးဝ မရှိဘူး။ ကျန်တဲ့ ဘတ်ဒီ၊ မာစတာကပ် စတဲ့ ကော်ဖီမစ်ထုတ်တွေ၊ ကွင်းအချိုရည်
ပုလင်းတွေ၊ ငါးသေတ္တာဘူးတွေ၊ မုန့်ပုံးတွေဆို (၂၅) ကနေ (၃ဝ) ရာခိုင်နှုန်းလောက် ဈေးမြင့်သွားတယ်။
အခု ပစ္စည်းအတော်များများ ပြတ်လာတော့ ကော့သောင်းဘက် ရေလမ်းကနေ ခိုးသွင်းကြရတယ်။ ရနောင်းကနေ ကော့သောင်း၊ ကော့သောင်းကနေ ရန်ကုန် အဆင့်ဆင့် ခိုးသွင်းရလို့ ဒီရောက်တော့ ကုန်ကျစရိတ်က ကြီးနေပြီဟု ရှင်းပြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ညောင်ပင်လေးဈေးတွင် ထိုင်းနိုင်ငံက ဝင်သည့် ပုစွန်နှစ်ကောင် ဆီ (၁) ဘူး ကျပ် (၇,၅ဝဝ) ကနေ ကျပ် (၉,၅ဝဝ)၊ အချိုမှုန့် အထုပ်ကြီး (၁) ထုပ် ကျပ် (,၅ဝဝ) ကနေ (၁,၉၅ဝ) ကျပ်၊ ကိုကာကိုလာနဲ့ စပရိုက် ဖျော်ရည်ဘူး (၁) ဘူး ကျပ် (၉၅ဝ) ကနေ (၁,၄၅ဝ) ကျပ်၊ ဘတ်ဒီ ကော်ဖီမစ် (၁) ပါကင် (၂,၆ဝဝ) ကျပ်မှ (,၂ဝဝ) ကျပ်၊ မာစတာကပ် ကော်ဖီမစ် (၁) ပါကင် (၂,၁ဝဝ) ကျပ်မှ (၂,၄၅ဝ) ကျပ် စသဖြင့် အသီးသီး ဈေးမြင့်တက်သွားခဲ့သည်။

အလားတူ နယ်စပ်မှသွင်းသည့် တီဗွီ၊ ရေခဲသေတ္တာ၊ ဒီဗွီဒီစက်တို့လည်း အဝင်မရှိ၍ ပစ္စည်းလက်ကျန်နည်းပြီး (၁ဝ) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းကြား ဈေးနှုန်းတက်သွားကြောင်း သိရသည်။

ညောင်ပင်လေးဈေးမှ လက်ကား ဈေးဆိုင်ပိုင်ရှင်တဦးက မန္တလေးဘက်သို့ ပို့ထားသည့် ထိုင်းစားသောက်ကုန်များထဲမှ ရောင်းမကုန်သည်တို့ကို ရန်ကုန်ပြန်မှာယူပြီး ရောင်းရခြင်းလည်း ရှိကြောင်း၊ လမ်းခရီး ကုန်ကျစရိတ် ရှိသော်လည်း ရန်ကုန်တွင် ဈေးတက်သဖြင့် အမြတ်အထိုက်အလျောက် ကျန်ကြောင်း ပြောသည်။

ရန်ကုန်မြို့မှ စူပါမားကက်များကို စားသောက်ကုန် သွင်းနေသူ လက်ကား အရောင်းကိုယ်စားလှယ်တဦးက ဒီရန်ကုန်ဈေးကွက်မှာ အခြေခံ စားသောက်ကုန်တွေနဲ့ ပတ်သက်ရင် လူတွေ စားသုံးမှု အများဆုံးဟာ ထိုင်းစားသောက်ကုန်တွေပဲ။ နံပါတ် (၂) ကတော့ ပြည်တွင်းထုတ် စားသောက်ကုန်တွေ။ တရုတ်ပြည်က ဝင်တာတွေကတော့ ဈေးကွက်ထဲမှာ ရောင်းရ အနည်းဆုံးပဲ။ ခုလို ထိုင်းနယ်စပ်လမ်းက ကုန်စည်တင်သွင်းတာ ရပ်ကုန်တော့ ဈေးကွက်ကို အတော်လေးကို ထိခိုက်တယ်ဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်က မြန်မာနှင့် ထိုင်း ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာသန်း (၃,၆ဝဝ) နီးပါးရှိပြီး မြန်မာဘက်မှ ထိုင်းကို သဘာဝဓာတ်ငွေ့ အဓိက တင်ပို့ကာ စုစုပေါင်း ဒေါ်လာသန်း (၂,၉ဝဝ) ကျော် ရရှိကြောင်း၊ ကျန်ပမာဏမှာမူ ထိုင်းမှ မြန်မာနိုင်ငံသို့ စားသောက်ကုန်၊ ဆေးဝါးများ အဓိက တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မြ၀တီခရိုင်အာဏာပိုင်များက အကြောင်းပြချက်မပေးဘဲ (၄) ကြိမ်ခန့် ချစ်ကြည်ရေးတံတားကို ဖွင့်ချီပိတ်ချီပြုလုပ်ခဲ့ရာမှ ဇူလိုင် (၁၈) ရက်မှစ၍ အကြမ်းဖက်မှုအန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှတံတားကို အချိန်ပြည့်ပိတ်လိုက်ခြင်းဖြစ်သည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးနေကြသော်လည်း တံတားပြန်ဖွင့်မည့်နေ့ကို မသတ်မှတ်နိုင်သေးဘဲ နှစ်ဖက်ကုန်စည်တင်ပို့မှုများ ရပ်တန့်နေသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ