AWU ၏ လုပ်ငန်းစဉ်အချို့

Wednesday, February 24, 2010

မလေးရှား ထိန်းသိမ်းရေးစခန်း၌ မြန်မာ (၁,၀၀၀) ကျော် အစာငတ်ခံဆန္ဒပြ

ပြည့်ကျပ်နေသော ထိန်းသိမ်းရေးစခန်းတွင် အစားအစာနှင့်ရေ လုံလောက်စွာမရရှိ၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် တွေ့ခွင့်ပေးရန် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား (၁,၀၀၀) ကျော်တို့က ပြီးခဲ့သည့်
တနင်္ဂနွေနေ့မှစ၍ အစာငတ်ခံဆန္ဒပြနေကြကြောင်း စုံစမ်းသိရှိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ (KL) မြို့ တောင်ဘက် KL လေဆိပ်အနီးရှိ လန်းခန်း (Lenggeng) ယာယီထိန်းသိမ်းရေးစခန်းရှိ လချီ ထိန်းသိမ်းခံထားရသူများထဲတွင် UNHCR အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ရရှိထားသူများလည်း ပါဝင်ကြောင်း အလုပ်သမားအရေး ကူညီနေသူများက ပြောသည်။
“စခန်းထဲမှာ အနေအထိုင်၊ အစားအသောက်အတွက် အရမ်းခက်ခဲ ကျဉ်းကျပ်နေလို့ အစာငတ်ခံ ဆန္ဒပြကြတာဖြစ်တယ်။ ရေလည်း မလုံလောက်၊ အစားအစာတွေကလည်း မကောင်းတဲ့အပြင် လူတွေပြည့်ကျပ်လို့ ညအိပ်ချိန်ဆိုရင် တယောက်အပေါ် တယောက် ထပ်ပြီး အိပ်နေရတယ်။ သူတို့ထဲက ကျန်းမာရေးမကောင်းတဲ့သူတွေ ရှိပေမယ့် ဆေးခန်းကလည်း ဆေးမပေးဘူး။ အသည်းအသန် ဖြစ်တော့မှ ခေါ်သွားတတ်တာတဲ့” ဟု ကွာလာလမ်ပူမြို့မှ မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုမင်းအေးက ပြောသည်။
ယင်းကဲ့သို့ ထိန်းသိမ်းရေးစခန်းအတွင်း အဖြစ်အပျက်များ ပေါက်ကြားခဲ့ခြင်းကြောင့် အပြင်လူများနှင့် တွေ့ဆုံခဲ့သူတို့အား စခန်းအာဏာပိုင်များက ရိုက်နှက်ခြိမ်းခြောက်မှု လုပ်ဆောင်နေကြောင်း သိရသည်။
မလေးရှားရှိ မြန်မာအလုပ်သမားများအား ကူညီသူ ကိုထက်အောင်က “ဒီလို အစာငတ်ခံဆန္ဒပြနေတာကို ရပ်လိုက်ဖို့ အာဏာပိုင်တွေက လာပြောနေတယ်။ ခေါင်းဆောင်လို့ သံသယဖြစ်ခံရတဲ့ ကိုထွန်းမြင့်ကျော်ဆိုတဲ့သူကို ရိုက်တာ၊ အခန်းပြောင်းတာ လုပ်လိုက်တယ်လို့ ကြားရပါတယ်။ အခုလို ဆန္ဒပြရတာက ကပ်ရောဂါလိုမျိုး ထပ်ဖြစ်မှာလည်း သူတို့ကြောက်နေလို့ ရေ လုံလုံလောက်လောက် ရဖို့ တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောကြားသည်။
ဆန္ဒပြနေသော မြန်မာအလုပ်သမားများသည် အလုပ်သမားအခွင့်အရေး ကာကွယ်ပေးနေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် တောင်းဆိုထားပြီး ၎င်းတို့၏တောင်းဆိုမှုများကို မရမချင်း ဆက်လက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ကိုထက်အောင်က ပြောသည်။
“မလေးရှား ရဲတွေက ယူအန်ကတ်ရှိတဲ့ သူတွေကိုလည်း ဖမ်းနေတာ ပုံမှန်လိုဖြစ်နေတယ်။ ယူအန်ကလည်း ကတ်ရှိတဲ့သူတွေကို လာထုတ်ဖို့က သိပ်မလွယ်တော့ဘူး။ ဘာသာစကားအခက်အခဲတွေ၊ အဆင့်အဆင့် တင်ပြရတာတွေ ရှိနေတော့ ကတ်ရှိသူတွေကို ထုတ်နိုင်ဖို့က တခါတလေ လနဲ့ချီပြီး ကြာတတ်တယ်။ မလေးရဲတွေက ယူအန်ကတ်ပြားကို အရေးလုပ်တာမဟုတ်ဘူး။ တခါတလေ ဆုတ်ဖြဲချင် ဆုတ်ဖြဲလိုက်တာမျိုးတောင် ရှိဖူးတယ်” ဟု စခန်းအတွင်းသို့ ရောက်ခဲ့သူ ကိုမင်းအေးက ပြောသည်။
မလေးရှားနိုင်ငံသည် ဒုက္ခသည်များ ခိုလှုံခွင့်နှင့်ဆိုင်သော နိုင်ငံတကာ သဘောတူညီမှုစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၈) ခု၌ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်မှုနှင့် ဖမ်းဆီးထားသည့် နိုင်ငံခြားသား အလုပ်သမား (၅,၄၀၀) ကျော်ရှိကြောင်း မလေးရှား အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။


သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ