AWU ၏ လုပ်ငန်းစဉ်အချို့

Sunday, February 21, 2010

မလေးရှားက နိုင်ငံခြားသားအလုပ်သမားများကိုနှိမ်နှင်း


E-mail Print
မလေးရှား နိုင်ငံတွင် တနင်္ဂနွေနေ့က စတင်သည့် တရားမ၀င် အလုပ်သမားများအား နှိမ်နင်းမှု အတွင်း နက်ဂရီ ဆမ်ဘီလန် ပြည်နယ်ရှိ နိုင်ငံခြားသား ၁၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ပီစယ်မွတ်စတာဖာက ပြောကြားလိုက်သည်။

ထိုပြည်နယ်တွင် အဖမ်းခံခဲ့ရသော နိုင်ငံခြားသားများ ထဲတွင် မြန်မာ ၁၃ ဦး၊ အင်ဒိုနီးရှား ၆၈ ဦး ပါဝင်ကြောင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယား၊ နီပေါ နိုင်ငံသားတချို့လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။ အဖမ်းခံရသူ အားလုံးမှာ အသက် ၂၂ နှင့် ၃၈ ကြား လူငယ်များ ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် မရှိခြင်း၊ နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့ကို လန်ဂန် ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ “အုကူတစ်” ဟု အမည်ဝှက်ပေးထားသော ဤစစ်ဆင်ရေးတွင် လူဝင်မှု ကြီးကြပ်ရေး အရာရှိ ၃၀ ပါဝင်ကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။

သို့ရာတွင် အဖမ်းခံရသော မြန်မာအလုပ်သမားများအနက် အချို့တွင် နိုင်ငံကူးလက်မှတ် ရှိသည်ဟု သိရကြောင်း အလုပ်သမားအရေး လှုပ်ရှားသူတဦးက ဧရာဝတီသို့ ပြောပြသည်။

“ရဲတွေရောက်လာတော့ သူတို့က အထောက်အထား စာရွက်စာတမ်း ပြဖို့ ကြိုးစားတယ်၊ ဒါပေမယ့် ရဲက သူတို့ကို ရိုက်နှက်တယ်လို့ ကျမတို့ ကြားရတယ်” ဟု မလေးရှားနိုင်ငံရှိ  ရွှေ့ပြောင်းအလုပ် သမားများအတွက် လှုပ်ရှားမှု ကွန်ယက် (Network for Action on Migrants in Malaysia) ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ပရနုမ်စုံဝမ်က  ဆိုသည်။

ညှဉ်းပန်း နှိပ်စက်မှုများ ကျူးလွန်နေသော လန်ဂန် ထိန်းသိမ်းရေးစခန်းရှိ အဖမ်းခံရသူများ အခြေအနေနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေကြသည်။

မြန်မာ ဒုက္ခသည် တဦးက “အဲ့ဒီ စခန်းမှာ အထိန်းသိမ်း ခံရဖူးတဲ့လူတွေ တော်တော်များများနဲ့ စကားပြောဖူးတာမို့ စခန်းထဲမှာ လူတွေ အရမ်း ပြည့်ကျပ်နေတယ်၊ ပြီးတော့ လူသစ်တွေကို အပြင်မှာ စောင်မပါဘဲ အိပ်ခိုင်းမယ် ဆိုတာ ကျနော် ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။

“လူ ၁၅၀၀ လောက် အတွက် အိမ်သာ ၈ လုံးပဲ ရှိတယ်၊ ပြီးတော့ အစားအစာလည်း ၀အောင် မကျွေးဘူး။ ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားတဲ့ လူတွေတောင် လွတ်ဖို့ ၃ လ ကြာတယ်” ဟု ၎င်းက ဆက်ပြောသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီးက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အာဏာပိုင်များက မလေးရှားသို့ ၀င်ရောက်လာသော “နိုင်ငံခြားသားတဦးစီတိုင်း” ကို စောင့်ကြည့်နိုင်မည့် စနစ်တခု ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဤစနစ်က တရားမ၀င် ၀င်ရောက်လာသူများကို “ကြောက်ရွံ့ပြီး တိုင်းပြည်က ချက်ချင်း ထွက်ခွာသွားစေမည့်” အခြေအနေ တခု ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြည်ထဲရေး ၀န်ကြီး ဒတု စီရိ ဟီရှမ်မွတ်ဒင် တွန် ဟူစိန်က ဆိုသည်။

ပြည်ထဲရေးဝန်ကြီး ပြောကြားသည့် နည်းလမ်းသည် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သည့် နည်းလမ်းမဟုတ်ဟု အလုပ်သမားအရေး လှုပ်ရှားသူ ပရနုမ်စုံဝမ်က သူ့ထင်မြင်ချက်ကို ပြောပြသည်။

သူက “ကြည့်ရတာ အစိုးရက  နိုင်ငံကူးလက်မှတ် ဒါမှမဟုတ်လည်း ဗီဇာရှိတဲ့သူ အပါအ၀င် နိုင်ငံခြားသားတိုင်းကို မလေးရှားမှာ မနေချင်အောင်၊ ကြောက်သွားအောင် လုပ်ထားချင်ပုံရတယ်။ ဒီလို အသုံးအနှုန်းမျိုးက ရဲတွေ နိုင့်ထက်စီးနင်း နှိမ်နင်းတာတွေ လုပ်နိုင်အောင်၊ အဲဒီလိုလုပ်လို့လည်း အပြစ်ပေးမခံရအောင် မီးစိမ်းပြသလို ဖြစ်နေတယ်” ဟု သူက ပြောသည်။

“မြန်မာအလုပ်အမားတွေက အရမ်းကို စိုးရိမ်နေကြတယ်။ ၀င်စီးတာတွေက နေ့တိုင်းလို ဖြစ်နေတာကိုး။ TV မှာလည်း အလုပ် သမားတွေကို အပြစ်ဖို့တဲ့ သတင်းတွေပဲ တနေကုန်လာနေတယ်။ အဲ့ဒီလိုလုပ်မယ့်အစား အလုပ်သမားတွေအတွက်  အထောက် အထားစာရွက် စာတမ်းတွေ ရှိလာအောင် ဆောင်ရွက်ပေးဖို့ အစိုးရက အလုပ်ရှင်တွေကို ဖိအားပေးသင့်တယ်” ဟု သူက ဆက်ပြောသည်။

မလေးရှားအာဏာပိုင်များသည် တရားမ၀င် ၀င်ရောက်လာသူများအား နှိမ်နင်းရန် ယမန်နှစ်က စစ်ဆင်ရေး ၇၀၉၉ ကြိမ် ဆင်နွှဲခဲ့သည်။ ယင်းစစ်ဆင်ရေးများအတွင်း ၄၇၃၁၀ ဦး အဖမ်းခံခဲ့ရသည်။ ၂၆၅၄၅မှု မှာ တရားမ၀င် ၀င်ရောက်မှု ဖြစ်ပြီး ၈၆၅၅ မှုမှာ ဗီဇာသက်တမ်း ကုန်ဆုံးမှု ဖြစ်ကြောင်း သိရသည်။

သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ