မလေးရှားနိုင်ငံတွင် ကမ္ဘာ့ဒုက္ခသည်များ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုခြင်းခံရသော ဒုက္ခသည်များအား နေထိုင်ခွင့်နှင့်အတူ အလုပ်လုပ်ကိုင်ခွင့်ပါပေးသွားတော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဒုက္ခသည်များအား အစိုးရမှ တရားဝင် ယာယီနေထိုင်ခွင့် ကဒ်ပြားများအား မကြာခင်ထုတ်ဝေတော့မည်ဖြစ်သည်။
မလေးရှားနိုင်ငံတွင် UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူပေါင်း (၈၀,၀၀၀) ကျော်ရှိနေသည်။ မလေးရှားနိုင်ငံတွင် ဒုက္ခသည်များအား အစိုးရမှ ဖမ်းဆီးခြင်းများ မကြာခဏပြုလုပ်နေခဲ့ရာမှ ယခုကဲ့သို့ အစီအစဉ်ပြုလုပ်ပေးလိုက်သဖြင့် မလေးရှားနိုင်ငံရောက် ဒုက္ခသည်များက အထူးဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

" ကျွန်တော်တို့ ဟိုအရင်ကဆိုရင် UN ကဒ်တွေ ကိုင်ထားရင်လည်း ကြောက်နေရတယ်။ ရဲလာ ( စွမ်းအားရှင်အဖွဲ့)၊ ရဲတွေကို အမြဲတမ်း ကြည့်နေကြရပါတယ်။ အိပ်တာတောင် စိတ်ချလက်ချ မအိပ်ရဲကြဘူး။ ဘယ်အချိန် အော်ပရာစီ (စစ်ဆင်ရေး) ၀င်မလဲ ကြောက်နေကြရတယ်။ နောက်ပြီး အဖမ်းခံရရင်လဲ ကန့်( အကျဉ်းစခန်း) တွေကိုရောက်သွားရင် မလွယ်ဘူး။ တကယ့်ငရဲရောက်သလိုပါပဲ" ဟု မလေးရှားရောက် ဒုက္ခသည်တစ်ဦးဖြစ်သူ ကိုအောင်ကျော်မှ ပြောကြားသွားခဲ့သည်။
မလေးရှားအစိုးရသည် ယခင်အချိန်များက UN ကဒ်ကိုင်ဆောင်ထားသူများအား ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ရဲများမှ စစ်ဆေး၍ UN ကဒ်ကိုင်ဆောင်ထားသူများထံမှ ငွေကြေးတောင်းခံခြင်းများ ရှိခဲ့သည်။ သို့သော်လည်း မလေးရှားနိုင်ငံတွင် ရှိနေသော စီးပွားရေးလုပ်ငန်းရှင်များသည် တရားမ၀င် အလုပ်သမားများအား ခန့်ထားခြင်းဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနေကြသည်။
မြန်မာနိုင်ငံမှ အေးဂျင့်အဆက်အသွယ်ဖြင့် လာရောက်သူများကို လစာအပြင်၊ အေးဂျင့်ခများကိုပါ ပေးဆောင်ရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် စိတ်ပျက်နေကြသည်။ တရားမ၀င် အလုပ်သမားများအား ခန့်ထားခြင်းဖြင့် လစာကိုသာ ပေးကြရသည်။
အဆိုပါ ဒုက္ခသည်အသိအမှတ်ပြုကဒ် ကိုင်ဆောင်ထားသူများ အနေဖြင့် တတိယနိုင်ငံများသို့ မထွက်ခွာမီအချိန်တွင် မလေးရှားတွင် နေထိုင်ရင်း အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်မည့် အစီအစဉ်သစ်တစ်ရပ်ဖြစ်သည်။
အဆိုပါ ဒုက္ခသည်အသိအမှတ်ပြုကဒ် ကိုင်ဆောင်ထားသူများ အနေဖြင့် တတိယနိုင်ငံများသို့ မထွက်ခွာမီအချိန်တွင် မလေးရှားတွင် နေထိုင်ရင်း အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်မည့် အစီအစဉ်သစ်တစ်ရပ်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး ဒါတွတ် ဆရီ ဟီရှာမူဒင်က ပြောဆိုခဲ့ရာတွင် ယခုကိစ္စကို ဘာကြောင့် စီစဉ်ရသလဲဆိုရင် ဒီဒုက္ခသည်တွေဟာ ဒီနိုင်ငံမှာ ခဏတဖြုတ်ပဲ နေထိုင်ကြမယ့်သူတွေဖြစ်လို့ပါပဲ ဟု ပြောကြားခဲ့သည်။
" ဒါပေမယ့်လို့ ကျွန်တော်တို့ကတော့ ဘက်ပေါင်းစုံကနေ သေသေချာချာ စီစစ်သွားဖို့လိုပါတယ်။ သူတို့တွေ အလုပ်လုပ်လို့ရကြမှာပါ။ ကျွန်တော်တို့ချည်းပဲ ဆုံးဖြတ်လို့တော့ မရပါဘူး။ တခြားသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အမြင်တွေကိုပါယူပြီး ဆုံးဖြတ်သွားမှာပါ" ဟု ပြောကြားသွားခဲ့သည်။

မလေးရှားနိုင်ငံတွင် ရှိသော အလုပ်သမားများ၏ အများစုသည် တရားမ၀င် အလုပ်သမားများဖြစ်ကြပြီး ၀င်ရောက်လာစဉ်က တရားဝင်ပါမစ်ဖြင့် လာရောက်ခဲ့သော်လည်း အလုပ်ရှင်များ၏ အနိုင်ကျင့်မှုနှင့် လုပ်ခလစာများ ပုံမှန်မရခြင်းတို့ကြောင့် တရားမ၀င်အလုပ်သမားများ ဖြစ်လာကြရသည်။
နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ အနီဇာ အာမန်က အစိုးရသည် ယခုအတည်ပြုမည့် ပေါ်လစီအသစ်နှင့် ပတ်သက်၍ ဖြစ်လာမယ့်အကြောင်းဆက်၊ အကျိုးဆက်များကို သေချာစွာ ကိုင်တွယ်နိုင်ရန် လိုအပ်သည်ဟု ထောက်ပြသွားခဲ့သည်။
" ဒီလူတွေကို သူတို့ တခြားနိုင်ငံတွေကို မထွက်ခွာခင် ဒီမှာ အလုပ်လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် ရလာမယ့် အကျိုးမြတ်တွေနဲ့ ပြဿနာတွေကို သေသေချာချာ လေ့လာဖို့တော့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။
မလေးရှားကုန်သွယ်မှု့အသင်းအပြင် အခြားသော မလေးရှားရှိ ပါတီအသီးသီးက မလေးရှားတွင် နိုင်ငံခြားမှ ထပ်မံခေါ်ယူရမည့် အလုပ်သမားပြဿနာများနှင့် အလုပ်သမားအင်အား လိုအပ်နေသော အခက်အခဲများကို ဤနည်းဖြင့် ဖြေရှင်းသင့်ကြောင်း အစိုးရအား တိုက်တွန်းထားသည်။
မလေးရှားနိုင်ငံတွင် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထွန်းကားနေပြီး အလုပ်သမား လိုအပ်မှု ပြဿနာများ ကြုံတွေ့နေရသည်။ ထို့အပြင် မလေးရှားလူမျိုး အလုပ်သမားအား ငှားရမ်းပါက လုပ်ခလစာ မြင့်မားခြင်းနှင့် အလုပ်ပြီးမြောက်မှု မရှိခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်အများစုက နိုင်ငံခြားသား အလုပ်သမားများအားသာ ငှားရမ်းလုပ်ကိုင်ချင်ကြသည်။
အကယ်၍ ဤအစီအစဉ်သာ ဖြစ်မြောက်လာပါက မလေးရှားနိုင်ငံ၏ အလုပ်သမားရှားပါးလာမှုပြဿနာအား ဖြေရှင်းရာ ရောက်ပြီး နိုင်ငံတကာမျက်နှာစာတွင် လူ့အခွင့်အရေးအား လေးစားလိုက်နာသော နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံရနိုင်သည်ဟုလည်း ထောက်ပြပြောဆိုနေကြသည်။