AWU ၏ လုပ်ငန်းစဉ်အချို့

Friday, April 30, 2010

စစ်အစိုးရ၀န်ကြီးချုပ် ပါတီ မှတ်ပုံတင်

E-mail Print
ဝန်ကြီးချုပ် ဦးသိန်းစိန်က ၎င်းတို့ ဖွဲ့စည်း ထားသည့် နိုင်ငံရေး ပါတီကို ရွေးကောက်ပွဲ ကော်မရှင်တွင် ယမန်နေ့က မှတ်ပုံ တင်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)
ပါတီ၏ အမည်မှာ “ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ” ဖြစ်ပြီး ဦးသိန်းစိန်အပါအ၀င်  ၂၇ဦး နှင့် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရ ၀န်ကြီးချုပ်၏ ပါတီသည် ၁၉၉၃ ခုနှစ်တွင် ၎င်းတို့ တည်ထောင်ခဲ့သည့်  ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) မှ ပေါက်ဖွားလာခြင်း ဖြစ်ဖွယ်ရှိသည်ဟု အများက ယုံကြည်နေကြသည်။ လူမှုရေး အမည်ခံထားသော ကြံ့ဖွံ့အသင်းကြီးက အနာဂတ်တွင် မည်သို့ ရပ်တည်မည်ကို မသိရသေးပေ။

ထိုအသင်း၏ နာယက အဖွဲ့ဝင်များက ယခု ဖွဲ့စည်းလိုက်သည့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ ဖြစ်လာသည်ဟု ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“မကြာသေးခင်က အရပ်ဝတ် လဲလိုက်တဲ့ ၀န်ကြီးတွေရော၊ ဒုဝန်ကြီးတွေရော အကုန်ပါတယ်၊ အရင်က အရပ်ဝတ်နဲ့ ၀န်ကြီးတွေလည်း ပါတယ်၊ နောက်ထပ်လည်း နာမည် အမျိုးမျိုးနဲ့ ပါတီ ဖွဲ့လိမ့်ဦးမယ်” ဟု သူက ပြောသည်။

ဝန်ကြီးချုပ် အပါအ၀င် ၀န်ကြီး အများအပြားသည် မကြာသေးခင်က စစ်တပ်မှ နှုတ်ထွက်ခဲ့သည်။ ၀န်ကြီးချုပ်၏ အမည်ကို “ဗိုလ်ချုပ်ကြီးသိန်းစိန်” ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ရာမှ ပြီးခဲ့သည့် အင်္ဂါနေ့မှ စတင်ပြီး “ဦးသိန်းစိန်”ဟု ပြောင်းလဲ ဖော်ပြခဲ့သည်။

စစ်အုပ်စုသည် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိရန် စီစဉ်ထားသည့် အပြင်  စစ်ဗိုလ်ချုပ်တချို့ကိုလည်း အရပ်ဝတ်လဲစေပြီး ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းဖြင့်  အာဏာတည်မြဲစေရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးဝင်းတင်က သုံးသပ်သည်။

“စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျ ဆုတ်ခွာနေပြီလို့ တချို့ နိုင်ငံရေးသမားတွေက ထင်ကြတယ်၊ အခုတော့ စနစ်တကျ ဆုတ်ခွာတာ မဟုတ်ဘူး၊ စနစ်တကျကို ဆုပ်ကိုင်တာ ဖြစ်နေတယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

တခြားသော နိုင်ငံရေးပါတီများသည် ငွေအား နှင့် အသင်းဝင် အင်အား ကောင်းသည့် ကြံ့ဖွံ့၏  ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူကြောင်း ဦးဝင်းတင်က ပြောသည်။

တရားဝင် ထုတ်ပြန်ချက်များအရ ကြံ့ဖွံ့တွင် အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်များသည် ကြံ့ဖွံ့ ၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။

ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူတဦးကလည်း စစ်အစိုးရသည် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုသာမက ၎င်းတို့နှင့် နီးစပ်သည့် မြို့မိ မြို့ဖများ၊  စီးပွားရေးသမားကြီးများကိုပါ ၀င်ရောက် ယှဉ်ပြိုင်စေပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖွယ်ရှိသည်ဟု  သုံးသပ်သည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ