AWU ၏ လုပ်ငန်းစဉ်အချို့

Wednesday, May 5, 2010

စိစစ်ရေးကြောင့် သတင်းထောက်နှင့် နိုင်ငံရေးသမား အထင်လွဲမှု ဖြစ်ပွားရ

 NEJ / may / 5 /2010

နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများဆိုင်ရာ သတင်း၊ ဆောင်းပါးနှင့် အင်တာဗျူးများကို စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်၊ ဖြတ်တောက်မှုများကြောင့် နိုင်ငံရေးပါတီများနှင့် ဂျာနယ်များအကြား မကြာခဏ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်တွင်း ပုဂ္ဂလိကသတင်းဂျာနယ် သတင်းထောက်တဦးက “ကျမက နိုင်ငံရေးပါတီတခုကို သွားတယ်။ အဲဒီမှာ အင်တာဗျူးလုပ်ခဲ့တယ်။ နောက် ပါတီခေါင်းဆောင်တယောက်ရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း မေးမြန်းခဲ့တယ်။ ဒါကို ရေးပြီး စာပေစိစစ်ရေး တင်တယ်။ စိစစ်ရေးက အင်တာဗျူးကို ဟိုဖြတ် သည်ဖြတ် ခုတ်ထစ်လိုက်တယ်။ ကိုယ်ရေးအကျဉ်းကိုတော့ ဖော်ပြခွင့်မပေးဘူး။ ဂျာနယ်ထွက်လာတော့ အဲဒီ ပါတီခေါင်းဆောင်က တိုက်ကို လှမ်းမေးတယ်။ ကျမက ရုံးတင်တဲ့ စာမူကြမ်းကိုကိုင်ပြီး အဲဒီ ပါတီခေါင်းဆောင်ကို သွားရှင်းပြလိုက်ရတယ်။ စိစစ်ရေးကြောင့် ပါတီခေါင်းဆောင်တွေက ကျမတို့ကို အထင်အမြင်လွဲတာ အကြိမ်ကြိမ်ပဲ” ဟု ရှင်းပြသည်။

ပါတီခေါင်းဆောင်တဦးက “ကျနော် အင်တာဗျူးတခုမှာ ဖြေထားတာကို အရင်းခံပြီး ဂျာနယ်တစောင်က တယ်လီဖုန်းနဲ့ မေးခွန်းထုတ်တယ်။ အဲဒါ ဂျာနယ်ထွက်လာတော့ ကျနော်ပြောတာ မဟုတ်တာတွေ ပါလာတယ်။ ဒါနဲ့ ပြန်ပြီး ရှင်းကြ လင်းကြ လုပ်ကြရတယ်။ အဲဒီမှာလည်း စာပေစိစစ်ရေးရဲ့ ဖြတ်တောက်မှုကြောင့် အဓိပ္ပာယ် လွဲသွားတာလည်း ပါတယ်။ ခုနောက်ပိုင်းတော့ ကျနော်တို့ဆီကို ဂျာနယ်သတင်းထောက်တွေ လာပြီး မေးမြန်းရင် အသံဖမ်းယူထားတယ်။ နောက် သတင်းထောက်ကိုပါ ဓာတ်ပုံရိုက်ယူထားတယ်၊ သတင်းထောက်တွေကို မယုံလို့ မဟုတ်ဘူး။ ကိုယ့်ဘက်က သက်သေ အထောက်အထား ရှိအောင်လို့” ဟု ပြောသည်။
စာပေစိစစ်ရေးအဖွဲ့အနေဖြင့် ပါတီများ၊ နိုင်ငံရေးသမားများနှင့် ပတ်သက်ပြီး မည်သူ့ကို ပိတ်ပင်သည်၊ မည်သည့်အကြောင်းအရာကို ပိတ်ပင်သည် စသဖြင့် စနစ်တကျ မူချမှတ်ထားခြင်း မရှိဘဲ၊ စိစစ်သူ စာစစ်မှူး အခြေအနေကို လိုက်၍ အမျိုးမျိုး ပိတ်ပင်၊ ဖြတ်တောက်ခြင်း ပြုလုပ်ကြောင်း သတင်းသမားများက ပြောသည်။
ထို့အပြင် ဂျာနယ်များကိုလည်း တစောင်နှင့် တစောင် စိတ်ဝမ်းကွဲပြားစေရန် ရည်ရွယ်၍ အချို့ လူပုဂ္ဂိုလ်နှင့် အကြောင်းအရာများကို ဂျာနယ်တစောင်တွင် ဖော်ပြခွင့်ပေးသော်လည်း အခြားဂျာနယ်တစောင်တွင် ဖော်ပြခွင့်မပေးဘဲ ပိတ်ပင်ခြင်းတို့ပြုလုပ်သည့်အတွက် သတင်းထောက်များနှင့် နိုင်ငံရေးသမားများအကြား ပိုမို အထင်အမြင်လွဲမှုများ ဖြစ်ပေါ်စေသည်ဟု ပြောသည်။
စာပေစိစစ်ရေးသည် ယခုကဲ့သို့ ပိတ်ပင် ဖြတ်တောက်ခြင်းသာမက သတင်းထောက်များ ရေးသားရာတွင် အမှားများပါပါက ခေါ်ယူ ဆူပူကြိမ်းမောင်းခြင်းများ လုပ်လေ့ရှိကြောင်း သိရသည်။
ဂျာနယ် အယ်ဒီတာတဦးက ၎င်းအနေဖြင့် ပါတီများ မှတ်ပုံတင်ရမည့် နောက်ဆုံးရက်နှင့် ပတ်သက်ပြီး မှားယွင်းဖော်ပြခဲ့မိ၍ စာပေစိစစ်ရေးက ခေါ်ယူကြိမ်းမောင်းခြင်းကို ခံရကြောင်း၊ ပါတီသတင်းများ ရေး၍ စိစစ်ရေး၏ ဖြတ်တောက်ခံရပြီး ပါမလာပါက နိုင်ငံရေးသမားများ၏ အထင်အမြင်လွဲမှုကို ခံရပြန်ကြောင်း၊ ထို့ကြောင့် နောက်ပိုင်း နိုင်ငံရေးသတင်းများ မလိုက်ချင်တော့လောက်အောင် စိတ်ပျက်မိကြောင်း ပြောသည်။
ဝါရင့်သတင်းစာဆရာကြီးတဦးက ယခုခေတ် လူငယ်သတင်းထောက်များသည် ပါတီအကြောင်း၊ နိုင်ငံရေးသမားများအကြောင်း ပြည်သူသိအောင် အပင်ပန်းခံ ရေးသားတင်ပြနေကြသော်လည်း စာပေစိစစ်ရေး၏ တားဆီး ပိတ်ပင်မှုကြောင့် ပြည်သူတို့သည် ပါတီများအကြောင်း၊ နိုင်ငံရေးသမားများအကြောင်း မသိဘဲ မဲပေးကြရမည့် အခြေအနေ ဆိုက်ရောက်သွားနိုင်ကြောင်း ဝေဖန်ပြောကြားသည်။
ယခုနောက်ပိုင်း စာပေစိစစ်ရေးဌာနသည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို စိစစ်ဖြတ်တောက်မှု အထူးပြုလုပ်ရန် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင် (တပ်မတော်ရေ) ကို တွဲဖက်ညွှန်ကြားရေးမှူးတာဝန် ပေးအပ်ထားကြောင်း သိရသည်။
သင်သက်တမ်းတလျှောက်မှာ သမိုင်းကောင်းဖို့အတွက် ဇါတခု လုပ်ပြီးယာလဲ၊၊ မလုပ်သိကေ စလုပ်လိုက်ပါ၊၊ သင့်အတွက် အချိန်ကောင်းမဟိယာ၊၊
စည်းလုံးညီညွတ်ရေးဆိုစွာ အလုပ်ပါ၊၊ စကားများများမပြောပါကဲ့ အလုပ်နန့်သက်သီပြကက်မေ မျိုးချစ်ရို့ ၊၊
သမိုင်းဆိုစွာ လိမ်လို့မရပါ၊၊ ဒေနိန့် သင်ဇါလုပ်ရေလဲ၊၊ ဒေနိန့် သင့်အလုပ်သည် မိုးသောက်ခါ သင့်၏သမိုင်းမှန်ပါ၊၊

ရခိုင်သူချေ

About This Blog

Maesot, Thailand

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ